နိဒါန်း

WHO က ထုတ်ပြန်တဲ့ ၂၀၂၀ စစ်တမ်းတွေအရ လူခြောက်ယောက်ဆုံးပါးတိုင်းမှာ တစ်ယောက်က ကင်ဆာကြောင့် ဖြစ်ကြပါတယ်။ ကင်ဆာဆိုတဲ့ရောဂါက အသံကြားရုံနဲ့တင် ကိုယ့်ဘဝကြီးတစ်ခုလုံးကို ကပြောင်းကပြန်ဖြစ်စေနိုင်လောက်အောင် ကိုယ့်အနာဂတ်အိပ်မက်တွေကို အဆုံးသတ်စေလောက်အောင် ဆိုးရွားတဲ့ရန်သူပဲဖြစ်ပါတယ်။

ကင်ဆာက နှလုံးသွေးကြောပိတ်တာလို၊ ကျောက်ကပ်ပျက်စီးတာလို ပြင်းထန်နာမကျန်းရောဂါအမျိုးအစား (Critical illness)ထဲမှာ ပါဝင်ပါတယ်။ ဒီလိုရောဂါအမျိုးအစားတွေ ဖြစ်လာပြီဆိုရင် စိတ်ရောကိုယ်ပါ ပင်ပန်းရသလို ငွေကြေးအကုန်အကျလည်းများပြီး မိသားစုအပေါ်ကိုပါ ဝန်ပိစေနိုင်ပါတယ်။

ကင်ဆာဖြစ်လာပြီဆိုရင် ကုသမှုကုန်ကျစရိတ်က ကြီးမြင့်လွန်းတဲ့အတွက် မိသားစုကို ဝန်ထုတ်ဝန်ပိုးဖြစ်စေနိုင်သလို အိမ်ရဲ့ စီးပွားရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ကင်ဆာမဖြစ်အောင် ဆင်ခြင်နေထိုင်သင့်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ ကင်ဆာဆိုတာဘာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုကုသမလဲ၊ ကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ စတာတွေကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

ကင်ဆာ ဆိုတာဘာလဲ။

ကင်ဆာ ဆိုတာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေက ဖြစ်သင့်တာထက် ပိုပြီး ထိန်းမရအောင် ပွားများနေတဲ့ရောဂါပဲဖြစ်ပါတယ်။  ကင်ဆာဆဲလ်တွေ ပွားများလွန်းတဲ့အခါ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကို ပြန့်သွားနိုင်ပါတယ်။ ဒီလိုပြန့်သွားတာကြောင့်ပဲ ကင်ဆာဖြစ်တဲ့အခါ အသက်သေဆုံးရတာဖြစ်ပါတယ်။ ကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပြီး ကင်ဆာမဖြစ်တဲ့နေရာဆိုတာ ခပ်ရှားရှားပဲဖြစ်ပါတယ်။

ကင်ဆာ ဘာကြောင့်ဖြစ်ရတာလဲ။

ကင်ဆာ ဖြစ်စေတဲ့ အခြေခံအကျဆုံးအချက်ကတော့ ဆဲလ်တွင်းက DNA တွေက ပုံမှန်မဟုတ်တဲ့ ပြောင်းလဲခြင်းများကြောင့်ဖြစ်ပါတယ်။ ဒါကို mutations လို့ ခေါ်ပါတယ်။ Mutation ဖြစ်တဲ့အခါ ဆဲလ်တွေက ထိန်းလို့မရအောင် ပွားလာသလို ပွားလာတဲ့ ဆဲလ်တွေကလည်း mutation ဖြစ်နေတဲ့ ဆဲလ်တွေပဲဖြစ်ပါတယ်  ဒီလိုနဲ့ ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်လာပါတယ်။ ဆဲလ် mutations တွေက မိဘတွေဆီကနေ မျိုးရိုးဆက်ခံပြီး မွေးရာပါ ပါလာနိုင်လည်း ဖြစ်နိုင်သလို ကိုယ်ရဲ့ နေထိုင်မှုပုံစံ ဥပမာ ဆေးလိပ်သောက်ခြင်း၊ ရောင်ခြည်ထိခြင်း၊ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ခြင်း၊ အဝလွန်ခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း စတဲ့ အချက်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

ဘာတွေက ကင်ဆာဖြစ်နိုင်ခြေကို များစေရတာလဲ။

  • အသက်အရွယ်

ကင်ဆာဖြစ်ဖို့ဆိုတာ နှစ်ဆယ်နဲ့ချီ ကြာတတ်ပါတယ်။ ဒါကြောင့် အသက် ၆၅နှစ်နဲ့အထက်တွေမှာ ကင်ဆာဖြစ်ကြတာ များပါတယ်။ ဒါပေမယ့် အသက်ကြီးမှ ကင်ဆာဖြစ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘယ်အရွယ်မဆို ကင်ဆာဖြစ်တတ်ပါတယ်။

  • အမူအကျင့်

တချို့နေထိုင်မှုပုံစံတွေကလည်း ကင်ဆာဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။ ဥပမာ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ နေလောင်ခံခြင်း၊ အဝလွန်ခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း စတာတွေကလည်း ကင်ဆာဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။

  • မိသားစုကျန်းမာရေးရာဇဝင်

ကင်ဆာရောဂါ အနည်းငယ်ကပဲ မျိုးရိုးဆက်ခံမှုကြောင့် ဖြစ်တတ်ပါတယ်။ မိသားစုထဲမှာ တစ်ယောက်ယောက်က ကင်ဆာဖြစ်ဖူးတယ်ဆိုရင် မျိုးရိုးလိုက်ပြီး ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင်တော့ မျိုးဗီဇစစ်ဆေးပြီး ကင်ဆာဖြစ်နိုင်ခြေကို ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒါပေမယ့် မိသားစုထဲမှာ ကင်ဆာမျိုးရိုးရှိတိုင်း ကင်ဆာဖြစ်မှာတော့ မဟုတ်ပါဘူး။

  • ကျန်းမာရေးအခြေအနေ

အူမကြီးရောင်ရမ်းနာ Ulcerative colitis လိုမျိုး ရောဂါတွေ ရှိနေမယ်ဆိုရင်လည်း အူမကြီးကင်ဆာဖြစ်နိုင်ခြေ များနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိနေတဲ့ ရောဂါအခံနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကင်ဆာတွေကို သိရှိနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

  • ပတ်ဝန်းကျင် အခြေအနေ

ပတ်ဝန်းကျင်မှာရှိတဲ့ ဓာတုပစ္စည်းတွေကလည်း ကင်ဆာဖြစ်နိုင်ခြေကို မြင့်စေနိုင်ပါတယ်။ ကိုယ်တိုင်က ဆေးလိပ်မသောက်ဘူးဆိုရင်တောင် သူများသောက်တာကို ရှူမိရင် ကင်ဆာဖြစ်နိုင်ခြေ များစေပါတယ်။ လုပ်ငန်းခွင်မှာရှိတတ်တဲ့ benzene၊ ကျောက်မှုန် စတာတွေကလည်း ကင်ဆာဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

ကင်ဆာရောဂါဖြစ်တဲ့အခါ ဘာတွေခံစားရမှာလဲ။

ကင်ဆာရောဂါဖြစ်တဲ့အခါ အမျိုးအစားကိုလိုက်ပြီး ခံစားရတဲ့လက္ခဏာတွေက ကွာခြားနိုင်ပါတယ်။ ကင်ဆာအများစုမှာတွေ့ရတတ်တဲ့ လက္ခဏာများကတော့

  • နုံးတာ
  • အလုံးအကျိတ်စမ်းမိတာ
  • အလိုလိုနေရင်း ကိုယ်အလေးချိန် ကျဆင်းတာ
  • အသားဝါတာ၊ အနာကျက်ဖို့ကြာတာ၊ မှဲ့တွေ ပြောင်းလဲတာ
  • ဆီးသွားတာ၊ ဝမ်းသွားတာ ပြောင်းလဲတာ
  • နာတာရှည် ချောင်းဆိုးတာ
  • အစာမျိုချရခက်တာ
  • အသံသြတာ
  • အစာစားပြီးတိုင်း အစာမကြေသလိုခံစားရတာ
  • အမြဲလိုလို ညောင်းကိုက်နေတာ
  • အကြောင်းရှင်း ရှာမရဘဲ ရက်ရှည်ဖျားတာ
  • ခန္ဓာကိုယ်မှာ အညိုအမည်းစွဲလွယ်တာ စတာတွေပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ တွေ့ရတတ်တဲ့ လက္ခဏာတွေဖြစ်ပြီး ဒီလက္ခဏာတွေကို ရေရှည်ခံစားရရင် ကင်ဆာရောဂါကို သတိပြုသင့်ပါတယ်။

ကင်ဆာကို ဘယ်လိုစစ်ဆေးကုသနိုင်သလဲ။

အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေကို မကြာခဏခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်က ရောဂါအကြောင်း မေးမြန်းစမ်းသပ်ပြီး ကင်ဆာလို့ သံသယရှိတဲ့အခါ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း (ultrasound၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် စသဖြင့်)၊ အသားစယူခြင်း၊ မျိုးဗီဇစစ်ဆေးခြင်း စတာ‌တွေကို စစ်ဆေးခိုင်းမှာ ဖြစ်ပါတယ်။ စစ်ဆေးချက်တွေကတော့ ကင်ဆာအမျိုးအစားပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။

ကင်ဆာကုသနည်းတွေကလည်း ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ လူနာရဲ့ ကျန်းမာရေးပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ အသုံးများတဲ့ ကုထုံးတွေကတော့ ခွဲစိတ်နည်း၊ ရောင်ခြည်ပြနည်း၊ ကင်ဆာဆေးသွင်းနည်း၊ ခုခံအားကုထုံး၊ ပစ်မှတ်ထားကုထုံး၊ ဟော်မုန်းကုထုံး၊ ရိုးတွင်းခြင်ဆီအစားထိုးကုထုံး စတာတွေပဲ ဖြစ်ပါတယ်။

ကင်ဆာစစ်ဆေးနည်းတွေ၊ ကုထုံးတွေက အမျိုးအစားတွေ အများကြီးရှိသလို တကယ်လိုအပ်လို့ စစ်ဆေးရပြီ၊ ကုသရပြီဆိုရင်လည်း ငွေကုန်ကြေးကျများနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးအတွက် မိမိမှာ ငွေကြေးပိုင်းဆိုင်ရာ မပြင်ဆင်ထားရသေးဘူးဆိုရင် PRUFlexiprotect CI နဲ့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ PRUFlexiprotect CI အကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာမှာ လေ့လာပါ။

ကင်ဆာကို ဘယ်လိုကာကွယ်နိုင်သလဲ။

ကင်ဆာရောဂါကို ရာနှုန်းပြည့် ကာကွယ်ဖို့ ခက်ခဲတယ်ဆိုပေမယ့် ဖြစ်နိုင်ခြေနည်းသွားအောင် နေထိုင်လို့ရပါတယ်။ ကင်ဆာကာကွယ်ဖို့အတွက်

  • ဆေးလိပ်ဖြတ်သင့်ပါတယ်။
  • ကျန်းမာရေးနဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရအောင် ထိန်းသင့်ပါတယ်။
  • ကျန်းမာ‌ရေးနဲ့ ညီညွတ်အောင် စားသောက်ဖို့ လိုအပ်ပါတယ်။
  • လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပါတယ်။
  • အရက်ကို လျှော့သောက်သင့်ပါတယ်။ ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
  • သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး၊ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးတွေကိုလည်း ထိုးထားသင့်ပါတယ်။
  • နေမလောင်စေဖို့ကိုလည်း ဂရုစိုက်သင့်ပါတယ်။
  • နောက်ဆုံးအနေနဲ့ အိမ်တွင်းအိမ်ပြင် လေထုညစ်ညမ်းမှုကို ရှောင်ကြဉ်သင့်ပါတယ်။

ဒါဆိုရင် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ 

သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

ကင်ဆာရှိနေတာက ဘဝကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ ဖြစ်စဉ်ပါ။ ကင်ဆာဘာကြောင့်ဖြစ်ရတာလဲ၊ ဘာလက္ခဏာတွေ ခံစားရမှာလဲ၊ ဘယ်လိုကုသကာကွယ်နိုင်မလဲဆိုတာ သိထားတာက ကင်ဆာနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်စေမှာဖြစ်ပါတယ်။

ကင်ဆာရောဂါက ကိုယ့်ဘဝထဲကို ဘယ်အချိန်မှာ ဝင်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ကင်ဆာရောဂါ ဖြစ်ခဲ့ပြီဆိုရင် ကုသဖို့ ငွေကုန်ကြေးကျများတာကြောင့် မိသားစုကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ငွေကြေးပိုင်းဆိုင်ရာမှာ ကြိုတင်ပြင်ဆင်ထားချင်တယ်ဆိုရင် PRUFlexiprotectCI ကို ရွေးချယ်နိုင်ပါတယ်။ ဒီ plan က ကင်ဆာလိုမျိုး အပြင်းအထန်နာမကျန်းမှုအတွက် နောင်တစ်ချိန်မှာ ဆေးကုသဖို့ လိုအပ်လာတဲ့အခါ ငွေကြေးဆိုင်ရာစိုးရိမ်ပူပန်မှုများမရှိဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်စေဖို့ကိုသာ အာရုံစိုက်နိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုလျှင်

ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။