ငွေစုတဲ့အခါမှာ လူတိုင်းလိုလိုက သူတို့ရဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာရှိတဲ့ မှတ်တိုင်လေးတွေအတွက်ပဲ တွေးလေ့ရှိကြပါတယ်။ ဒီအထဲမှ အရေးအကြီးဆုံးအချက်ကတော့ အရေးပေါ်အခြေအနေတွေအတွက် ငွေစုထားတာမျိုးဖြစ်ပါတယ်။ ဥပမာ - အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်လာပြီဆိုရင် ကိုယ့်ကို အထောက်အကူပေးနိုင်တဲ့ ငွေပမာဏတစ်ခုအတွက် သပ်သပ်ဖယ်ပြီး စုထားတာမျိုးပါ။ ပုံမှန်ဆိုရင် ဒီစုငွေက ကိုယ် နဲ့ ကိုယ့်မိသားစုရဲ့ နေထိုင်စားသောက်စရိတ်ကို ၃လကနေ ၆လအထိ ကာမိသင့်တဲ့ ပမာဏဖြစ်ရပါမယ်။
နောက်ထပ်တွေ့ရလေ့ရှိတဲ့ ရည်ရွယ်ချက်ကတော့ အိမ်ပိုင်ရဖို့အတွက်ပါ။ အိမ်တစ်အိမ်ကို လက်ဝယ်ပိုင်နိုင်ဖို့ဆိုတာ လူတော်တော်များများရဲ့ အိပ်မက်ဖြစ်ပေမယ့် ငွေစုတဲ့နေရာမှာလည်း ကိုယ့်အနေနဲ့ တော်တော်ကို စည်းကမ်းရှိရှိနဲ့ ငွေစုတတ်မှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဘက်ဂျက်တစ်ခုကို ပြင်ဆင်ထားတာက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာပါတယ်။ ကိုယ့်ရဲ့ အသုံးစရိတ်ကို မှတ်ထားရင် ကိုယ်က ဘယ်နေရာတွေမှာ ငွေအသုံးများနေတယ်ဆိုတာကို တွေ့ရမှာဖြစ်သလို ကိုယ့်ရဲ့ ငွေစုရတဲ့ ရည်ရွယ်ချက်ဆီကို ပြန်ရောက်သွားအောင် တည့်မတ်ပေးနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ကိုယ့်သားသမီးရဲ့ ပညာရေးအတွက် ငွေစုကြတာမျိုးပါ။ ပညာရေးအတွက် ကုန်ကျစရိတ်တွေက အတော်လေးများနိုင်သလို အချိန်ကြာလာတာနဲ့အမျှလည်း ပိုပြီးတော့ တိုးလာနိုင်ပါတယ်။ ဒီတော့ စောစောစပြီးတော့ ငွေကို စုနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။
လုပ်ငန်းခွင်ဘဝကနေ အနားယူတာကလည်း နောက်ထပ် အဓိကကျတဲ့ ရည်ရွယ်ချက်တစ်ခုပါ။ လူတော်တော်များများက သက်တောင့်သက်သာပဲ လုပ်ငန်းခွင်ဘဝကနေ အနားယူချင်ကြတဲ့ သဘောသဘာဝရှိကြပါတယ်။ ဒါပေမဲ့ ကိုယ်အလုပ်လုပ်နေတဲ့ အချိန်တစ်လျှောက်လုံး ငွေကို ပမာဏနည်းနည်းများများ ပုံမှန်စုဆောင်းသွားဖို့လိုအပ်ပါတယ်။ အဓိကကတော့ စောစောစပြီးတော့ ငွေစုဖို့နဲ့ ပုံမှန်ငွေစုဖို့ပါပဲ။ နောက်ပြီးတော့ ငွေရေးကြေးရေးကို ပိုပြီးတော့ တည်ငြိမ်စေပြီး တဖြည်းဖြည်း ငွေများလာစေအောင် စုလို့ရတဲ့ အစီအစဉ်တွေကိုလည်း ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။
ဒီငွေစုဆောင်းရတဲ့ ရည်ရွယ်ချက်တွေကို စဉ်းစားကြည့်တဲ့အခါမှာ မသေချာတဲ့ ကိစ္စတွေအတွက် ကြိုပြီးတော့ ကာကွယ်နိုင်အောင် စဉ်းစားထားဖို့ကလည်း အရေးကြီးပါတယ်။ ဘဝဆိုတာက ခန့်မှန်းလို့မရတဲ့အတွက် ငွေကို စုထားတာကလည်း အရေးကြီးသလို ကိုယ့်စုထားဆောင်းထားတဲ့ ငွေတွေကိုလည်း လုံခြုံအောင် ကာကွယ်ဖို့လိုပါတယ်။ ဒီနေရာမှာ အသက်အာမခံက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အသက်အာမခံတွေက ကိုယ့်ကို ငွေစုဖို့ ကူညီပေးရုံတင်မကပဲ ကိုယ်ကသာ မတော်တဆ တစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ်ချစ်ရတဲ့သူတွေအတွက် ငွေရေးကြေးရေး အကာအကွယ်တစ်ခုဖြစ်နေစေမှာပါ။ ကိုယ်ထားရှိထားတဲ့အသက်အာမခံက ကိုယ့်ရဲ့ ငွေရေးကြေးရေး ရည်မှန်းချက်ပန်းတိုင်ဆီကို အရောက်လှမ်းနေတဲ့အချိန်မှာ ကိုယ့်မိသားစုရဲ့ အနာဂတ်ကို လုံခြုံစိတ်ချရစေမှာ ဖြစ်ပါတယ်။
ယခုဆောင်းပါးကို ပရူဒန်ရှယ်အာမခံရဲ့ Chief Distribution Officer ဒေါ် Samantha Htoon နဲ့အတူ ပရူဒန်ရှယ်အာမခံရဲ့ Agency Unit Director ကိုကောင်းဟိန်းစိုးတို့ ဆွေးနွေးထားတဲ့ “Dream It, Achieve It – How to Save for Your Future Goals” ဗီဒီယိုမှ မှီငြမ်းကောက်နှုတ်ထားပါတယ်။ ရေရှည်အတွက် အကာအကွယ်တွေနဲ့ ငွေစုနိုင်တဲ့ အာမခံအစီအစဉ်တွေအကြောင်းကို အသေးစိတ်အပြည့်အစုံသိရှိနိုင်စေရန် ဒီလင့်ခ်မှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။