နိဒါန်း

တုပ်ကွေးဝေဒနာ က ကူးစက်မြန်တဲ့ အသက်ရှူလမ်းကြောင်းရောဂါဖြစ်ပြီး ဆောင်းတွင်းမှာလည်း ဖြစ်တတ်ပါတယ်။ တုပ်ကွေးဝေဒနာ က တစ်ပတ်လောက်ကြာရင် အလိုလိုပျောက်သွားတယ်လို့ ဆိုကြပေမယ့် တုပ်ကွေးလက္ခဏာတွေကြောင့် အလုပ်ပျက်ကျောင်းပျက်ဖြစ်နိုင်သလို လူလည်း ဝေဒနာခံစားရပါတယ်။ ဒါကြောင့် အိမ်က မိသားစုဝင်တစ်ယောက်ယောက်မှာ တုပ်ကွေးဝေဒနာဖြစ်လာပြီဆိုရင် အလျင်မြန်ဆုံးသက်သာစေဖို့နဲ့ အခြားမိသားစုဝင်တွေကို မကူးစက်စေဖို့အတွက် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

တုပ်ကွေးဝေဒနာ ဖြစ်တဲ့အခါ ဘယ်လို လက္ခဏာတွေ ခံစားရမှာလဲ။

တုပ်ကွေးဖြစ်တဲ့အခါ လက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ်ကွာခြားနိုင်ပါတယ်။ အတွေ့ရအများဆုံး လက္ခဏာတွေကတော့

  • ကိုယ်လက်ကိုက်ခဲတာ
  • ချမ်းတုန်တာ
  • ချောင်းဆိုးတာ
  • နုံးတာ
  • ဖျားတာ
  • ခေါင်းကိုက်တာ
  • နှာရည်ယိုတာ ဒါမှမဟုတ် နှာပိတ်တာ
  • လည်ချောင်းနာတာ
  • ကလေးတွေမှာဆိုရင် အန်တာ၊ ဖျားတာ၊ အစားအသောက်ပျက်တာတွေ ခံစားရတတ်ပါတယ်။  

ချစ်ရတဲ့မိသားစုဝင်မှာ တုပ်ကွေးဝေဒနာ ခံစားရတဲ့အခါ အလျင်မြန်ဆုံးသက်သာစေဖို့ ...

တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာဆိုတော့ ပိုးသတ်ဆေးတွေ သောက်ဖို့ မလိုအပ်ပါဘူး။ တုပ်ကွေးကို ခုခံအားနဲ့ တိုက်ထုတ်ရမှာ ဖြစ်တဲ့အတွက် ခုခံအားကောင်းဖို့တော့ လိုအပ်ပါတယ်။ ကျန်တာကတော့ ဖြစ်တဲ့လက္ခဏာပေါ် မူတည်ပြီး ပြုစုပေးရမှာဖြစ်ပါတယ်။

တုပ်ကွေးဝေဒနာ က တစ်ပတ်လောက် ခံစားရတတ်တာကြောင့် ဒီအတောအတွင်းမှာ လက္ခဏာတွေ သက်သာစေဖို့၊ သက်သောင့်သက်သာ ဖြစ်စေဖို့ အခုလို ပြုစုပေးနိုင်ပါတယ်။

လက္ခဏာတွေ သက်သာစေဖို့ဆိုရင် တုပ်ကွေးဖြစ်နေတဲ့ မိသားစုဝင်တစ်ယောက်ကို

  • ဖျားတဲ့အခါ ကိုယ်လက်ကိုက်တဲ့အခါ ပါရာစီတမော တိုက်ပေးနိုင်ပါတယ်။ ကလေးတွေဆိုရင်လည်း ကိုယ်အလေးချိန်နဲ့ တွက်ပြီး တိုက်ပေးနိုင်ပါတယ်။
  • နှာစေးချောင်းဆိုးခြင်းအတွက် နှာစေးပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေ တိုက်ပေးနိုင်ပါတယ်။
  • ဝမ်းလျှောတာနဲ့ အန်တာအတွက် ဓာတ်ဆားရည် လုံလောက်အောင် တိုက်ပေးဖို့ လိုအပ်ပါတယ်။
  • လည်ချောင်းနာတာအတွက် ဆားရည်နွေးနွေးနဲ့ အာလုပ်ကျင်းပေးနိုင်ပါတယ်။

သက်သောင့်သက်သာနဲ့ အနားယူနိုင်စေဖို့အတွက် လိုအပ်တဲ့အချက်တွေကတော့

  • နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်စက်နိုင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။
  • အခန်းက တိတ်ဆိတ်ပြီး လေဝင်လေထွက်ကောင်းရပါမယ်။ အလင်းရောင် ကောင်းကောင်းရရပါမယ်။
  • အခန်းကို သန့်သန့်ရှင်းရှင်း ထားပေးသင့်ပါတယ်။
  • အိပ်ရာခင်း၊ ခေါင်းအုံးစွပ်ကို ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။
  • သင့်တော်တဲ့ ရေအပူချိန်နဲ့ ‌ရေချိုးနိုင်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပေးသင့်ပါတယ်။
  • ချွေးထွက်များတဲ့အခါ အဝတ်လဲပေးသင့်ပါတယ်။

အစားအသောက်နဲ့ ပတ်သက်လာရင်တော့ တုပ်ကွေးခံစားသူကို

  • အာဟာရရှိတဲ့ အစားအစာတွေကို နည်းနည်းနဲ့ မကြာခဏ ကျွေးပေးသင့်ပါတယ်။
  • ခုခံအားတက်စေမယ့် ဗီတာမင် စီ၊ အေ၊ ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ် ပါဝင်အောင် ကျွေးပေးသင့်ပါတယ်။
  • အစာမကြေရင် အစာပျော့ပျော့ ကျွေးပေးနိုင်ပါတယ်။
  • ရေ၊ ဓာတ်ဆားရည်၊ စွပ်ပြုတ်၊ ပျားသံပုရာရည် စသဖြင့် အရည်များများ တိုက်ပေးနိုင်ပါတယ်။ 

မိသားစုဝင်တွေမှာ တုပ်ကွေးရောဂါ မကူးစက်စေဖို့ ...

တုပ်ကွေးဝေဒနာ က ကူးစက်လွယ်တာကြောင့် အိမ်တစ်အိမ်မှာ တစ်ယောက်ဖြစ်ပြီဆိုရင် ကျန်တဲ့ မိသားစုဝင်တွေပါ ကူးစက်နိုင်တယ်ဆိုတာကို သတိထားသင့်ပါတယ်။  ဒါကြောင့် လူနာပြုစုသူနဲ့ တခြားမိသားစုဝင်တွေ တုပ်ကွေးရောဂါ မကူးစက်စေဖို့

  • တုပ်ကွေးဖြစ်နေသူကို သီးသန့်အခန်းခွဲထားသင့်ပါတယ်။ ဒါမှသာ လူနာလည်း ကောင်းကောင်း အနားယူနိုင်မှာဖြစ်သလို တခြားသူများကိုကူးစက်နိုင်ခြေလည်း နည်းသွားနိုင်ပါတယ်။
  • လူနာကို ပြုစုတဲ့အခါမှာလည်း နှာခေါင်းစည်းတပ်ထားသင့်ပါတယ်။
  • တတ်နိုင်သမျှ လူနာနဲ့ မျက်နှာချင်းဆိုင် မနေသင့်ပါ။ တုပ်ကွေးလူနာနဲ့ ထိတွေ့ချိန်သည် နည်းနိုင်သမျှ နည်းသင့်ပါတယ်။
  • တုပ်ကွေးဖြစ်နေတဲ့ ကလေးကို ချီမယ်ဆိုရင်လည်း ကလေးမျက်နှာကို ပုခုံးပေါ်မှာ တင်ထားသင့်ပါတယ်။ ဒါမှ ကလေးချောင်းဆိုးတဲ့အခါ မျက်နှာနဲ့ ဝေးနေမှာ ဖြစ်ပါတယ်။
  • တုပ်ကွေးလူနာကို ထိတွေ့ကိုင်တွယ်ပြီးတိုင်းမှာ လက်ဆေးသင့်ပါတယ်။

ဒါ့ပြင် တခြားအိမ်သားများကို ကူးစက်မှုနည်းစေဖို့ အိမ်တွင်းမှာလုပ်ဆောင်သင့်တဲ့ အချက်တွေကတော့

  • အိမ်မှာ အသုံးပြုတာများတဲ့ မျက်နှာပြင်တွေ (ဥပမာ တံခါးလက်ကိုင်၊ ဖုန်း၊ စားပွဲ)ကို မကြာခဏ ပိုးသတ်ပေးသင့်ပါတယ်။
  • မကြာခဏ လက်ဆေးသင့်ပါတယ်။
  • အိမ်အတွင်းပိုင်းကို လေဝင်လေထွက်ကောင်းအောင် ထားသင့်ပါတယ်။
  • ခုခံအားတက်အောင် နေထိုင်စားသောက်သင့်ပါတယ်။

ဒါဆိုရင် တုပ်ကွေးဝေဒနာကူးစက်မှု နည်းသွားမှာ ဖြစ်ပါတယ်။

သင်နဲ့သင့်လျော်မယ့် အာမခံရွေးချယ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

တုပ်ကွေးက ကူးစက်မြန်တာကြောင့် တစ်ယောက်ဖြစ်ရင် နောက်တစ်ယောက်ကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ တုပ်ကွေးလက္ခဏာတွေက ခံစားရခက်တာကြောင့် အထက်ပါနည်းလမ်းတွေနဲ့  ချစ်ရတဲ့ မိသားစုဝင်ကို ပြုစုပေးသင့်ပါတယ်။

တုပ်ကွေးဝေဒနာက များသောအားဖြင့် ရက်အနည်းငယ်ကြာရင် သက်သာသွားတယ်ဆိုပေမယ့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ခုခံအားကျဆင်းနေသူတွေ၊ ဘိုးဘိုးဘွားဘွားတွေမှာဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေ (ဥပမာ နမိုးနီးယားအဆုတ်ရောင်)ဖြစ်ချေရှိပြီး ဆေးရုံတက်ရနိုင်ပါတယ်။

ဒီလိုမျိုး မမျှော်လင့်ထားတဲ့ အခြေအနေကြောင့် ဆေးရုံတက်ရတဲ့အခါ ရုတ်တရက်ကျသင့်လာနိုင်တဲ့ ဆေးကုသမှုစရိတ်တွေအတွက် ကုန်ကျစရိတ်ကာမိစေဖို့ PRUHealthကို ဝယ်ယူထားသင့်ပါတယ်။ PRUHealthက ဆေးရုံတက်ရတဲ့အချိန်တွေနဲ့ ကုသမှုခံယူနေရတဲ့အချိန်တွေမှာ ငွေကြေးအထောက်အပံ့ရရှိမှာဖြစ်လို့ မိသားစုရဲ့ စုဆောင်းငွေကို ထိခိုက်စရာမလိုဘဲ ကောင်းမွန်တဲ့ကုသမှုတွေကို ခံယူနိုင်စေမှာ ဖြစ်ပါတယ်။

အသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုလျှင်

ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖြည့်ပါ။ ပရူဒန်ရှယ်အာမခံအကြံပေးမှ သင်နှင့် သင့်တော်မည့်အာမခံအမျိုးအစားများကို အသေးစိတ်ရှင်းပြပေးပါမည်။