စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေး - အကောင်းမြင်တတ်ခြင်း

အကောင်းမြင်တတ်ခြင်းဆိုတာ စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် အုတ်မြစ်တစ်ခုဖြစ်ပြီး တွေ့ကြုံလာတဲ့ ဖြစ်ရပ်တွေ၊ အဖြစ်အပျက်တွေမှာ ရလဒ်ကောင်းတွေ ရှိနိုင်တယ်လို့ ယုံကြည်ထားတာပဲ ဖြစ်ပါတယ်။

အကောင်းမြင်ခြင်းနဲ့ အဆိုးမြင်ခြင်းဆိုတာ အဆက်မပြတ် လည်နေတဲ့ ဝင်ရိုးတစ်ခုပေါ်မှာ တည်ရှိနေပါတယ်။ အစွန်းတစ်ဖက် တစ်နေရာမှာတော့ စိတ်ကူးယဉ်ဆန်လောက်အောင် အကောင်းမြင်နိုင်တာမျိုး ရှိပါတယ်။ ကိုယ့်ဆီကိုလာမယ့် အန္တရာယ်ကိုတောင် မမြင်နိုင်လောက်တဲ့အထိ ရလဒ်ကောင်းတွေကိုပဲ မျှော်လင့်နေတာမျိုးပေါ့။

ဒီလိုပဲ တခြားတစ်ဖက်မှာလည်း လက်တွေ့မကျလောက်အောင် အဆိုးမြင် တတ်ပါတယ်။ ကိစ္စတစ်ခုမှာ ကြုံတွေ့လာနိုင်တဲ့ ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကိုပဲ အာရုံစိုက်မိနေတာမျိုး။ အခန့်မသင့်ရင် ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ်၊ တခြားသူတွေကို ဖြစ်ဖြစ် အပြစ်တင်တာမျိုးတွေ ရှိလာပြီး နာတာရှည် စိတ်ကျရောဂါ ဒါမှမဟုတ် စိုးရိမ်ပူပန်တာတွေ ခံစားရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

အကောင်းမြင်တတ်တဲ့ သဘောထားရှိတဲ့သူ တစ်ယောက်က နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးနဲ့ ကိုယ်ခံစွမ်းအားစနစ် ပိုကောင်းတတ်တယ်လို့ သိပ္ပံနည်းကျ လေ့လာမှုတွေမှာ သက်သေပြထားပါတယ်။

တချို့သူတွေကတော့ တကယ့်တကယ် အလယ်အလတ် သဘောထား ရှိတာဟာ အကောင်းဆုံးနေရာဖြစ်တယ်လို့ ငြင်းခုံနိုင်ပေမဲ့ လက်တွေ့ပြင်ပမှာ ကျွန်ုပ်တို့ဟာ လူသားတွေဖြစ်ပြီး ဒီလို ခံစားချက်တွေဆိုတာ လူသားတိုင်းမှာ ရှိနေတာပါ။

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့ လက်တွေ့ကျကျ အကောင်းမြင်စိတ် ထားတတ်ဖို့ဆိုတာကို လေ့ကျင့်မွေးမြူပေးရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေမယ့်အစား ပိုကောင်းတဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်ဖို့၊ အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ပြီး ဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကို အကျိုးဖြစ်ထွန်းအောင် အသုံးချတဲ့နည်းလမ်းနဲ့ ချဉ်းကပ်ဖြေရှင်းရမှာပါ။

ပိုပြီး အကောင်းမြင်တတ်လာအောင် လေ့ကျင့်နိုင်မယ့် နည်းလမ်းအချို့ကို လေ့လာနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေကနေ ရုန်းထွက်ပြီး တစ်ခုခုလုပ်ကြည့်လိုက်ပါ။

အကယ်၍ ရွေးချယ်စရာတစ်ခုက မဖြစ်နိုင်တော့ဘူးဆိုရင် ကိုယ်ရောက်နေတဲ့ အခြေအနေတစ်ခုမှာ ရပ်နေမယ့်အစား အပြောင်းအလဲတစ်ခုခုကို ရှာဖွေလိုက်ပါ။

(၂) အရှုံးထဲက သင်ခန်းစာယူတတ်ပါစေ

တကယ်လို့ တချို့ကိစ္စတွေက ထင်သလိုဖြစ်မလာခဲ့ရင်တောင် ဒီလိုအခြေအနေကနေ သင်ခန်းစာ ယူစရာတွေ အများကြီး ရှိနေသေးတယ်လို့ ကိုယ့်ကိုယ်ကို သတိပေးကြည့်ပါ။

(၃) ကိုယ့်ကိုယ်ကို အပါအဝင် တစ်ပါးသူတွေအပေါ် အပြစ်တင်ခြင်းကို ရှောင်ပါ

အပြစ်တင်ခြင်းဆိုတာ စိတ်ဖိစီးမှုကိုပဲ ပိုရစေနိုင်ပြီး ကိုယ့်ရဲ့စွမ်းအင်ကိုပါ ကျဆင်းစေနိုင်တဲ့အပြင် သင်ယူလေ့လာနိုင်စွမ်းနဲ့ လုပ်ဆောင်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ကိုယ့်ရဲ့ ဦးနှောက်ကို ပိုပြီး အကောင်းမြင်တတ်အောင် ထိန်းချုပ်နိုင်ဖို့ အလေ့အကျင့်ပြုလုပ်ပေးဖို့ပဲ လိုအပ်ပါတယ်။ နေ့စဉ်ဘဝမှာ တွေ့ကြုံနေရတဲ့ ကောင်းတဲ့အရာတစ်ခုကို ရှာဖွေပြီး ချရေးကြည့်လိုက်ပါ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လူတွေမှာလည်း အကောင်းမြင်စိတ်တွေ လွှမ်းမိုးထားနိုင်မှု ရှိ၊ မရှိ ဆန်းစစ်လေ့လာဖို့လည်း အရေးကြီးပါတယ်။

 

Naluri ရဲ့ CEO & Co-Founder ဖြစ်တဲ့ Azran Osman Rani ရေးသားထားတဲ့ မူရင်းဆောင်းပါးကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

Brought to you by Naluri, an organization providing professional health & life coaching services, and focused on improving the mental & physical health of individuals through the use of behavioural science, data science, & digital design.